Wednesday, May 10, 2017

အမှတ်တရ သင်္ကြန်

အသက် (၁၉)နှစ် မပြည့်သေးသူများ လုံးဝ(လုံးဝ) မဖတ်ရ။

အမှတ်တရ သင်္ကြန်

တန်ခူးလရဲ့ လေပြည်ဟာ ပိတောက်ပန်း ရနံ့တွေ သယ်ဆောင်ပြီး ကျနော့်ဆီကို ခေါ်ဆောင်လာတဲအခါ ကျနော့်ရင်ထဲမှာ တစ်မျိုးတစ်ဖုံတော့ ပြောင်းလဲသွားခဲ့တာ အမှန်ပါ။ ဒါဟာ ဒီနှစ်မှ ဖြစ်တာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဒီအချိန်ကာလရောက်ရင် သင်္ကြန်နဲ့အတူ ခံစားချက်တွေ ပြန်ပြောင်းဖြစ်ရတာ အစဉ်အလာ တစ်ရပ်ရယ်လို့ ဖြစ်ခဲ့တာ ကြာပါပြီ ...။ 

ဒီတော့ ရာသီစာလို့ပဲ ပြောရမလား .. ခေါ်ရမလားတော့ မသိ။ သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေး တစ်ခုပြောချင်လာတယ်။ တစ်ပို့စ်ထဲနဲ့ ပြီးနိုင်မယ့်ကိစ္စ မဟုတ်သလို၊ ကိုယ်တွေ့ရယ်လဲ မဟုတ်တော့ (ဒီလိုပဲ ပြောရမှာပေါ့လေ .. ဟီး  :P) ဒီဘက်ခြမ်းမှာပဲ လာတင်ထားလိုက်တော့တယ်။ 
ဒီနေရာလေးမှာကလဲ သိကြတဲ့အတိုင်း ... ကျနော်ရယ် ကိုပန်းရိုင်းရယ် ..ပြီးတော့ ကိုလူလူရယ် .. ဒီလူတွေပဲ ရှိနေလိုက်တာ ... စာရေးသူဆိုတာတွေကလဲ စာရေးသူ ဖြစ်သွားတာနှင့် ပျောက်သွားကြတော့တယ် ...  
ပြောရမယ်ဆိုရင် ဒီဘက်ခြမ်း ကြည့်ရတာ လကုန်ခါနီး ဘဏ်ထဲမှာ ကျန်တဲ့ လက်ကျန်ငွေ ပမာဏလိုပဲ ...  ခွိ  ;D။ အသက်ဝင်နေတဲ့ ဇာတ်လမ်းတွေခမျာ လက်တစ်ဖက်တောင် ပြည့်သေးရဲ့လား  .. အဟင့် .. အဟင့် ..  :'( :'(

အဲဒါကြောင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိဆိုပြီး ကောက်လုပ်လိုက်တာပါ။ ဒါပေမယ့် ဇာတ်လမ်းရှည်ကြီး ဖြစ်နိုင်မယ်မထင်ပါဘူး။ မသကာ ပို့စ်ဆယ်ခုတောင် ပြည့်ချင်မှ ပြည့်မှာပါ။ ဒါမှမဟုတ် ပြည့်ယုံမကဖြစ်ပြီး ကျော်ချင်လဲ ကျော်မှာပါ။ ကျနော့်ကို ကျနော်လဲ မသေချာဘူးရယ်။ 
သေချာတာ တစ်ခုကတော့ ကျနော် သင်္ကြန်မပြီးခင် ပြီးအောင်တော့ ရေးချင်တာပါ။ သင်္ကြန်ပြီးမှတော့ သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကြီး ဆက်မရေးချင်ဘူးရယ်။ ကျနော့်မှာ ဖီလင်မရှိနိုင်တော့သလို ခင်ဗျားတို့မှာလဲ ဖီလင်ရှိမယ် မထင်တော့ဘူး ..။ နောက်တစ်နှစ် သင်္ကြန်ကျမှလဲ ပြန်မဆက်ချင်ဘူးရယ် ... ဒီတော့ အဆင်ပြေသလို ကျုပ်ကျပ်လိတာပေါ့ ..။

အခုအချိန်ကနေ နှစ်ဆန်းတစ်ရက်နေ့ မတိုင်ခင်အထိ ကျနော် အားမယ်ဆိုရင်တော့ သေချာကျကျနန ရေးမယ်ဗျာ။ တစ်နေ့တစ်ပို့စ်လောက် ရေးဖြစ်မယ်ဆိုရင်တော့ တော်တော်လေး ဇာတ်အိမ်ရှိမယ့် ဇာတ်လမ်းလေး ဖြစ်မယ်နဲ့တူတယ်။ ကျနော် အလုပ်များလို့ အဲ့လို မဖြစ်ခဲ့ဘူးဆိုရင်လဲ အနည်းဆုံးတော့ ဖတ်ပျော်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရေးပါ့မယ်။ ခါသင်္ကြန်ရဲ့တေးသံနဲ့အတူ ရင်ခုန်ချင်သူများ .. ပြီးတော့ ကျနော့်ရဲ့ စာဖတ်ပရိတ်သတ်တွေ ... တခြား ပင်လယ်က ချစ်ခင်ရတဲ့ ဘော်ဒါတွေ ... အားလုံးအားလုံးအတွက် ရည်ရွယ်ပါသည် ....။

တန်ခူးလေရဲ့သယ်ဆောင်မှုကို မဖယ်ရှောင်နိုင်တဲ့
ရော်ရွက်ဝါလို လွင့်မျောချင်တဲ့
-------------------------------------------------------------------------------------------------
တစ်ခါတုန်းကပေါ့ဗျာ ..

မြို့နယ်လေးတစ်ခုရဲ့ ရပ်ကွက်တစ်ခုအတွင်းက လမ်းသွယ်လေးတစ်ခုရဲ့အလယ်လောက်မှာ တစ်အိမ်နဲ့ တစ်အိမ် ပုဏ္ဍရိပ်ပင်တွေသာ ခြံစည်းရိုးအဖြစ် သတ်မှတ်ပြီး အသုံးပြုထားတဲ့ ပျဉ်ထောင်အိမ် နှစ်လုံး ရှိသတဲ့ ..

အဲဒီ ပုဏ္ဍရိပ်ပင်တွေ ညီညီညာညာ ရှိနေရှာတဲ့ ခြံစည်းရိုးလေးရဲ့နောက်ဘေးဘက် မရောက်တရောက် နေရာမှာ လူတစ်ယောက်စာ တိုးသွားလို့ရမယ့် အပေါက်လေးတစ်ခု ရှိနေခဲ့တယ် ..

ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ကူးလို့ရမယ့် မလွယ်ပေါက်လေးရဲ့ခြေရင်းဘက်ခြမ်းက အိမ်ဝင်းထဲမှာ ... ကြီးမားတဲ့ ပိတောက်ပင်ကြီး တစ်ပင်ဟာလဲ အိမ်နောက်ဘက်မှာ ထီးထီးကြီး ပေါက်နေခဲ့သေးတယ် ..

နှစ်စဉ်နှစ်တိုင်း တန်ခူးလောက်ရောက်လို့ သင်္ကြန်ကျရင် အပွင့်လိုက်၊ အဆုပ်လိုက်၊ အခိုင်လိုက် ပွင့်တတ်တဲ့ ပိတောက်ပင်ကြီးရဲ့အောက်မှာ တစ်ရက်ကျတော့ အသက်ဆယ်နှစ်ကျော်ကျော်အရွယ် ရှိတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ထိုင်မိနေကြပါရော ..

အဲဒီနေ့က မှတ်မှတ်ရရ April လရဲ့နေ့တစ်ရက် ဖြစ်သလို .. ခေါင်းရင်းဘက်ခြမ်းက အိမ်ကို ပြောင်းလာတဲ့ ကောင်မလေး ဒီဘက်ခြံကို လာရောက်လည်ပတ် ဆော့ကစားတာ တစ်လတိတိ ပြည့်တဲ့နေ့လဲ ဖြစ်နေခဲ့တယ် ..

အသားညိုညို မျက်ခုံးကောင်းကောင်းနဲ့ မျက်နှာထားကျပုံ တည်ကြည်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးနာမည်က ကိုကိုမောင်တဲ့ ... ဆံနွယ်နက်လေးတွေ အဖျားသားမှာ အလိပ်လေးလို ခွေနေတဲ့ ချစ်စရာ မျက်နှာဝိုင်းလေးပိုင်ရှင် အသားဖြူဖြူ  ကော်ပတ်ရုပ်လေးနဲ့တူတဲ့ ကောင်မလေးနာမည်ကတော့ မေသင်္ကြန်လို့ ဆိုရင် ခင်ဗျားတို့ အံ့သြသွားမလား မသိဘူး ..

ဘယ်လိုပဲဖြစ်ဖြစ်ပါ ..  ကိုကိုမောင်ဆိုတဲ့ အဲဒီချာတိတ်လေးနဲ့ မေသင်္ကြန်ဆိုတဲ့ အဲဒီ ချာတိတ်မလေး ဆုံစည်းရာကနေ အောက်ပါ ဇာတ်လမ်းလေး စတယ်လို့ပဲ ဆိုကြရအောင်ဗျာ .. ဟုတ်ပြီလား 

========================

အိမ်နောက်ဘေးဘက်မှာ ရှိတဲ့ ကွင်းပြင်ကြီးကို ဖြတ်ကျော်ပြီး တိုက်ခတ်လာတဲ့ လေကြောင့် ကျနော့်နားမှာ ကျနော်နဲ့အတူ တူယှဉ်ထိုင်နေတဲ့ မေသင်္ကြန်ရဲ့ နဖူးပေါ်က ဆံနွယ်လေးတွေ လှုပ်ခတ်သွားရှာတယ်။ ဝတ်ထားတဲ့ ဂါဝန်ဖြူဖြူလေးရဲ့ အောက်ခြေ အနားသားတွေ ဖွာခနဲ လွင့်သွားသလို၊ လက်မောင်းသားနေရာလေးမှာ ဖောင်းဖောင်းလေးဖြစ်အောင် ချုပ်ထားတဲ့ အစလေးတွေလဲ အနည်းငယ် လှုပ်ရှားသွားလေရဲ့။ နွေလေရူးရဲ့ အစွမ်းနဲ့ သူမကိုယ်ပေါ်မှာ ဒီလိုမျိုးပြောင်းလဲသွားတယ်ဆိုတာကို မေသင်္ကြန်ကတော့ ရိပ်မိဟန် မတူဘူး။ ကျနော် သူ့ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေတာတောင် အခုအချိန်ထိတိုင်အောင် သတိထားမိရဲ့လား။ ကျနော်တို့ နှစ်ယောက်အပေါ် အရိပ်တွေမိုးပြီး ရှိနေတဲ့ ပိတောက်ပင်ကြီးရဲ့အပေါ်ကိုပဲ စိုက်ငေးနေလေရဲ့ ...။

"ကိုမောင် ... ပိတောက်ပင်ကြီး တစ်ခုလုံး အဖူးတွေနဲ့နော် ... အများကြီးပဲ … "
" ........ "
"ဟင် .. ကိုမောင် "

ကျနော့်ဘက်ကို ရုတ်တရက် လှည့်လာပြီး ပြောလိုက်ရာမှ ကျနော် တစ်ယောက် သူမမျက်နှာလေးကို ငေးကြည့်နေတာတွေ့တော့ ဆယ်ကျော်သက်အရွယ် ကော်ပတ်ရုပ်လေး တစ်ခုခု ဖြစ်သွားတယ်နဲ့တူတယ်။ ရှက်ကိုးရှက်ကန်း အမူအယာလေး အလိုလို ပေါ်လာတော့တယ်။ ခင်မင်ရင်းနှီးမှု အတိုင်းအတာဟာ လပိုင်းပဲ ရှိနေသေးပေမယ့် တစ်လမ်းလုံးမှာ ရွယ်တူ ကစားဖော် မရှိတာကြောင့်ရော၊ ခြံချင်းကပ် ဖြစ်နေတာကြောင့်ရယ် မေသင်္ကြန်ရယ်၊ ကိုကိုမောင်လို့ ခေါ်တဲ့ ကျနော်ရယ်ဟာ တစ်ယောက်နဲ့တစ်ယောက် အတော်လေး သံယောဇဉ်ဖြစ်နေခဲ့ကြပါပြီ။

လသာဘက်မှာ တိုက်ခန်းနဲ့နေရာကနေ ကျနော်တို့ဘက်ခြမ်းကို ပြောင်းလာခဲ့တဲ့ မေသင်္ကြန်မှာ မွေးချင်းရယ်လို့လဲ မရှိပါဘူး။ အဖေရော အမေရော ရုံးဌာနတစ်ခုထဲမှာ အတူလုပ်ကြတဲ့ မေသင်္ကြန်တို့ မိသားစုဟာ အနေအေးတဲ့အထဲမှာ ပါတယ်လို့ ဆိုရမယ်။ ပတ်ဝန်းကျင်နဲ့လဲ သိပ်ပြီး များများစားစား ဆက်ဆံတယ်လို့ မရှိဘူး။ 

ကျနော်တို့အိမ်နဲ့တောင် ရောက်ခါစမှာ ခြေရင်းခေါင်းရင်းသာ ဆိုပေမယ့် အခေါ်အပြော သိပ်ရှိလှတာ မဟုတ်ဘူး။ သိုသိုသိပ်သိပ်ရှိတဲ့ သူတို့မိသားစုနဲ့ ကျနော်တို့ ဘာဖြစ်လို့ နှစ်အိမ်တစ်အိမ် ရင်းနှီးသွားကြတာလဲဆိုတာ သောကြာဆွမ်းပတ်မှာ ကျနော့်အမေနဲ့ မေသင်္ကြန်အမေ ဆွမ်းအတူလောင်း ဖြစ်သွားရာက စကြတယ်လို့ ဆိုရမယ်။

အဲဒီနေ့ကပေါ့ ...

အရုဏ်တက်ခါစ နံနက်ဝေလီဝေလင်းမှာ အိမ်တံခါးကို သော့ဖွင့်ပြီး မေမေဆွမ်းလောင်းတဲ့ အခါမှာ ဆွမ်းဇလုံတင်ဖို့ဆိုပြီး အသုံးပြုတဲ့ ပလစ်စတစ်ထိုင်ခုံလေး ခြံအပြင်ဘက် အိမ်ရှေ့လမ်းပေါ် ကျနော် သွားထုတ်လိုက်တယ်။ အဲဒီ အချိန်မှာပဲ တစ်ဖက်ခြံရဲ့တံခါးက ပွင့်လာပြီး ဂါဝန်တိုလေးနဲ့ ထွက်လာတဲ့ ချာတိတ်မလေး တစ်ယောက်ကို တွေ့လိုက်ရရော။ 

ဘာကိုဘာမှ မသိသေးတဲ့ ဆယ်ကျော်သက်အရွယ် ချာတိတ်လေး ဖြစ်နေသည့်တိုင် ကျနော့်ရင်ထဲမှာ အမျိုးမသိတဲ့ အလင်းတွေ လင်းလက်သွားတယ်ဆိုတာ အဲဒီအချိန်ကတည်းက ပါပဲ။ နွေးထွေးတဲ့ အလင်းတွေကို ဆောင်ယူလာပေးတတ်တဲ့ နံနက်ခင်းရဲ့နေမင်းဟာ ဒီသောကြာနေ့အတွက်တော့ အစောဆုံး ရောက်ရှိလာတာနဲ့တောင် တူနေခဲ့သေးတယ်လေ ..

အဲဒီနေ့က စပြီး မေသင်္ကြန်အမေနဲ့ ကျနော့် အမေ ရင်းနှီးသွားခဲ့ကြသလို .. ကျနော့်ထက် သုံးနှစ်ငယ်တဲ့ မေသင်္ကြန်နဲ့ ကျနော်လဲ ခြံခြင်းကပ်လျက်ရှိကြတဲ့ ကစားဖော် သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ သူ့အိမ်ကိုယ့်အိမ်လဲ တံခါးမရှိ ဓါးမရှိ အဝင်အထွက် ဖြစ်လာခဲ့တယ်။ ဒါတောင်မှ ကျနော်တို့နှစ်ယောက်က ခြံတံခါးတွေကနေ တဆင့် ကူးသန်းရတာ ကြာလို့ဆိုပြီး မလွယ်ပေါက်အဖြစ် ခပ်ရေးရေးရှိနေတဲ့ ပုဏ္ဍရိပ်ပင်တန်းကိုသာ အသုံးပြုလေ့ရှိတယ် (ကလေးအတွေး .. ကလေးစိတ်ပေါ့ဗျာ) .. တစ်လလောက် ရှိလာတဲ့ ဒီနေ့ကျတော့ ဒီနေရာလေးဟာ ကျနော်တို့လို ချာတိတ်အရွယ်လေးတွေ ကောင်းကောင်းအဝင်အထွက် လုပ်လို့ရလာတဲ့ အနေအထားထိ ဖြစ်လာခဲ့ပါရော ဆိုပါတော့ ..

"ဟုတ်တယ် .. သင်္ကြန် .. မိုးကိုစောင့်နေတာလေ ... မိုးရေလေး နဲနဲ ထိတာနဲ့ ပွင့်တော့မှာ .."

မေသင်္ကြန် မျက်နှာလေးကို ကြည့်နေရာက ကျနော် အကြည့်လွှဲလိုက်ပြီး သူကြည့်ခဲ့သလိုပဲ ပိတောက်ပင်ကြီးရဲ့ ထိပ်ဖျားပိုင်းကို ကျနော် မော့ကြည့်နေလိုက်တယ်။ 
မျက်နှာကိုသာ အပေါ်ဘက်ကို မော့ထားပေမယ့် တစ်ချက်မှာ မျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်တော့ မေသင်္ကြန်က ကျနော်လုပ်ခဲ့သလို ကျနော့်ကို ငေးငေးလေး ကြည့်နေတာ တွေ့ရတယ်။ 
ရင်ထဲမှာ ဖြစ်တည်တဲ့ နှလုံးသားရဲ့ဘာသာရပ်ကို လေ့လာဆည်းပူးနိုင်တဲ့ အရွယ် မဟုတ်သေးသည့်တိုင် ထိုအကြည့်ဝိုင်းဝိုင်းလေးထဲမှာ ကျနော် နစ်မျောသွားခဲ့တယ် ... ။

"ဒါဆို ဒီည မိုးရွာတယ်ဆိုရင် မနက်ဖြန် ပွင့်နိုင်တာပေါ့နော် .. ဟုတ်တယ် မှတ်လား ကိုမောင် "
ကျနော့် လက်မောင်းတစ်ဖက်ကို လာရောက် ဆုပ်ကိုင်ယုံမက မျှော်လင့်ချက်ကြီးစွာနဲ့ လှုပ်ခတ်ပြီး မေးနေတဲ့ မေသင်္ကြန်ကြောင့် ကျနော် ပိတောက်ပင်ကြီးကို ဆက်မကြည့်နိုင်တော့ဘူး။ သူမထက် အသက်ဆယ်နှစ်လောက် ကြီးမယ့် လူကြီးတစ်ယောက်ရဲ့အသွင်မျက်နှာကို တမင်တကာ ဖမ်းပြီး သူ့ဘက် လှည့်လိုက်တယ် ...

"အင်း .. ဟုတ်တယ် .. သင်္ကြန် ... မိုးရွာရင်တော့ ပွင်လိမ့်မယ် .. မိုးကလဲ ရွာမလား မသိဘူး .. မိုးရိပ်တွေ တက်နေတယ် .. "
"တကယ် !! .. ကိုမောင် .. တကယ်ပြောတာနော် .. သင်္ကြန်လေ .. သင်္ကြန့်မွေးနေ့မှာ ပိတောက်ပန်းပွင့်တာ အရမ်းကြုံချင်တာ .. သင်္ကြန်တွင်းမှာ ပိတောက်ပွင့်တာ မဆန်းပေမယ့် သင်္ကြန့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ပွင့်တာတော့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဘူးရယ် ... "
"ဖြစ်ရမှာပေါ့ သင်္ကြန်ရယ် .. ဒီနှစ်တော့ ဖြစ်မှာပါ .. နက်ဖြန် သင်္ကြန်မွေးနေ့မှာ ပိတောက်ပန်းတွေ ပွင့်စေရမယ် "

ကျနော် ရင်ထဲက ခိုင်မာတဲ့ စကားနဲ့ ပြောမိလိုက်တယ်။ ပိတောက်ပန်းတွေ တကယ် ပွင့်နိုင်လား မပွင့်နိုင်လားဆိုတာ မသိပေမယ့် ကျနော်နဲ့ ရှိနေတဲ့ အချိန်မှာ ဒီကောင်မလး စိတ်ချမ်းသာတာကိုပဲ ဖြစ်နေစေချင်ခဲ့တာ ရင်ထဲက ဆန္ဒအမှန်ရယ်ပါ။ 

ကျနော့်စကားကို ကြားတော့ ပင်ယံထက်မှ မဖူးပွင့်ရသေးတဲ့ ပိတောက်ပန်းဝါဝါလေးတွေဟာ သူမရဲ့မျက်နှာပေါ်မှာ တမဟုတ်ချင်း ပွင့်ဖူးသွားတယ်။ ဘယ်လောက်တောင်မှ ပျော်သွားတယ် မသိ .. 
မေသင်္ကြန်ရယ် .. သွားဖြူတန်းလေးတွေ ပေါ်လာသည့်အထိ လွတ်လပ်စွာ ရယ်မောပြီး သံပတ်ပေးလိုက်တဲ့ ဘိုမရုပ်လေးလို ကိုယ်လေးကို ဘယ်ညာယိမ်းပြီး ကနေလေသေးရဲ့။
 ပြီးမှ သူမရဲ့ညာလက်က ကျန်လက်ချောင်းလေးတွေကို ကွေးလိုက်ပြီး လက်သန်းလေးတစ်ခုပဲ ထောင်ပြီး ကျနော့်ဆီ ကမ်းပေးတယ်။ ကျနော့်ဆီက promise တောင်းတယ်ဆိုတဲ့ သဘော .. ရပါတယ် .. ကျနော်လဲ သူမလုပ်သလို ပြန်လုပ်ပြီး ကမ်းပေးလိုက်တယ်။ 
လက်သန်းလေးနှစ်ချောင်း ထိယှက်သွားမိတဲ့ အချိန်မှာပဲ ကျနော်တို့နှစ်ယောက်ရဲ့ကိုယ်ထဲကို အမျိုးအမည် မသိတဲ့ ခံစားချက်တစ်ချက် စီးဆင်းသွားတော့တယ် .... ဘာရယ်ဆိုတာ ဆန်းစစ်ခွဲဖြာဖို့ မသိနိုင်သေးပေမယ့် သူနဲ့ကျနော်ကြားမှာ တစ်စုံတစ်ခု ရှိနေခဲ့တယ်ဆိုတာတော့ သေချာပါတယ်ဗျာ ..

သြော် .. နက်ဖြန်ခါဆိုတာ အေပရယ်လ် ၁၃ရက် .. သင်္ကြန်အကြိုနေ့ဆိုတာ အခုအချိန်မှာ ကျနော် ပြောဖို့ နောက်မကျလောက်သေးပါဘူးနော် ...

ခေါင်မိုးက သွပ်အပေါ်ကို တဖျောက်ဖျောက်နဲ့ လာထိနေတဲ့ မိုးရေစက်သံတွေဟာ ကျနော့်အတွက်တော့ သာယာနာပျော်ဖွယ် ဂီတသံတွေပါပဲ။ ညကိုးနာရီ ထိုးလောက်ကတည်းက ရွာလိုက်တဲ့ မိုးဟာ ဆယ်နာရီကျော်ကျော် အချိန်ရောက်တဲ့ အထိ မစဲချင်သေးဘူး။ ခါတိုင်းဆို ညဘက်မိုးရွာတုန်း မိုးသံတွေကို နားထောင်ပြီး အိပ်ပျော်သွားတတ်တဲ့ ကျနော်ဟာ ဒီနေ့ကျတော့ နံနက်ခင်း ရောက်ချင်ဇောနဲ့ အိပ်ရာထဲ ဝင်နေခဲ့တာ တော်တော် ကြာနေတာတောင် အိပ်မပျော်သေးဘူး။ တင်းတင်းစေ့ပြီး မှိတ်ကာထားတဲ့ ကျနော့် မျက်စိရဲ့ အတွေးမြင်ကွင်းထဲမှာ ပိတောက်ပန်းတွေ တပွေ့တပိုက်ကြီး ပွေ့ကာထားတဲ့ ချာတိတ်မလေးတစ်ယောက်က ကြီးစိုးထားလေရဲ့။ ပုလဲသွယ်လို ဖြူ ဖွေးတဲ့ သွားတန်းလေးပေါ်တဲ့ အထိ ရယ်ကျဲကျဲ လုပ်ပြနေတဲ့ မေသင်္ကြန်ရဲ့ အပျော်မျက်နှာဟာ အနက်ရောင်နောက်ခံ အတွေးမြင်ကွင်းမှာ လင်းလက်နေခဲ့တာ အမှန်ပါပဲ …။

ဘယ်လိုကနေ ဘယ်လို အိပ်ပျော်သွားလဲ ကျနော် မသိလိုက်ဘူး .. ကျနော့် နားထဲကို နောင်ဝေေ၀ဆိုပြီး ဝင်လာတဲ့ မေမေရဲ့ကြေးစည်ထု အမျှဝေသံကို ကြားတော့ ကျနော် ဖြတ်ခနဲ နိုးလာတယ်။ မသိစိတ်ရဲ့ ကြီးစိုးထားမှုနဲ့အတူ ကျနော် ကုတင်ခေါင်းရင်း စားပွဲပေါ်မှာရှိတဲ့ နာရီလေးကို လှမ်းကြည့်တော့ နံနက်ခြောက်နာရီထိုးနေပြီ။ 
ကျနော် ခြင်ထောင်ထဲကနေ ဝုန်းခနဲ အပြင်ကို ခုန်ထွက်မိလိုက်တယ်။ ကျနော် အိပ်တဲ့နေရာက အိမ်ရှေ့ဘက်ခြမ်းမှာ ရှိတာဆိုတော့ မေမေ ဘုရားဝတ်ပြုတဲ့နေရာနဲ့ သိပ်မဝေးဘူး။ “ဟဲ့ သားငယ် .. ဘာဖြစ်တာလဲ “ ဆိုတဲ့ မေမေရဲ့ အလန့်တကြားနဲ့ မေးသံဟာ ချက်ချင်းဆိုသလို ကျနော့်ကျောဘက်မှာ ကျန်ခဲ့တယ်။
 အိမ်နောက်ဘေးဘက် တံခါးကို ရောက်သွားတဲ့ ကျနော် ခါတိုင်းဆို မေမေ ဘာမေးမေး ချက်ချင်းပြန်ဖြေပေမယ့် ဒီတစ်ခါတော့ ပြန်မဖြေဖြစ်သေးဘူး။ ခလန့်ထိုးထားတဲ့ သစ်သားတံခါးကို မောင်းတံလေး ဆွဲချပြီး မြန်မြန်ဆန်ဆန် ဖွင့်မိလိုက်ပါရော …

ဟာ … ဗျာ … လှလိုက်တဲ့ မြင်ကွင်း .. အိပ်မှုံစုံဝါး ဖြစ်နေရှာသေးတဲ့ ကျနော့် မြင်ကွင်းဟာ အဝါရောင်တွေနဲ့ လင်းလက်ပြိုး ပြက်သွားတော့တယ် ..

“မေမေ .. ပိတောက်တွေ ပွင့်နေပြီဗျ  .. ပွင့်နေပြီ .. “
အားရဝမ်းသာစွာ အော်လိုက်တဲ့ ကျနော့်အသံဟာ တစ်အိမ်လုံး ကြားအောင်များ ဖုံးလွှမ်းသွားလား မသိဘူး။ အနားရောက်လာတဲ့ မေမေကတောင် “တိုးတိုးလုပ်ပါ သားငယ် .. မင်းအဖေနဲ့ အကို အိပ်နေသေးတယ် “ လို့ လှမ်းပြောရတဲ့အထိပဲ။ 
ကျနော် မေမေပြောနေတာတွေကို ပြန်မပြောဖြစ်တော့ဘူး။ ချက်ချင်းဆိုသလို မီးဖိုချောင်ထဲ ပြေးဝင်ပြီး ကြောင်အိမ်အောက်မှာ ထားထားတဲ့ ဓါးမတွေထဲက အတိုလေးတစ်ချောင်းကို သွားဆွဲယူလိုက်တယ်။ 

“သားငယ် .. ပိတောက်တွေ တက်ခူးမလို့လား .. မိုးရေတွေနဲ့ ချောနေတာ .. မတက်နဲ့ .. သားကြီးနိုးလာမှ တက်လိမ့်မယ် .. “
“အာ .. ရပါတယ် .. မေမေကလဲ .. သား အမြင့်ကြီး မတက်ပါဘူး .. အောက်ဘက်က လက်လှမ်းမီရာပဲ .. ပိတောက်တွေက အရမ်းလှနေလို့ .. “
“ ဒီကလေးနဲ့ကတော့ ခက်တော့တာပဲ … “

စိတ်ဓါတ်ပြင်းပြလွန်းနေတဲ့ ကျနော့်ကို မေမေ ဆက်မတားနိုင်တော့ဘူး။ ကျနော့်အကို အိပ်နေတဲ့ အခန်းဘက်ကို ပြန်ဝင်သွားတာတွေ့နေလေရဲ့။ တကယ်ဆို မေမေ ပြောသလို အပင်တက်ကျွမ်းတဲ့ ကိုကြီး အိပ်ရာနိုးမှ ခူးပေးရင်လဲ ဖြစ်တော့ဖြစ်ပါတယ်။ 
ဒါပေမယ့် ကျနော့်စိတ်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အေပရယ်လ် ၁၃ရက်နေ့မှာ လာပွင့်တဲ့ ဒီပိတောက်ပန်းတွေကို ကိုယ်တိုင်ကိုယ်ကျပဲ တက်ခူးချင်နေတာ။ မဥူသက နတ်ပန်းလို ဘီလူးအထပ်ထပ်နဲ့ ကာရံထားစေဦးတော့ .. ကိုကိုမောင်ဆိုတဲ့ ကျနော့်ကို အခုအချိန်မှာ တားဆီးထားနိုင်မယ် မထင်တော့ပါဘူး ..။

အပင်ပေါ်တက်ဖို့ ဖေဖေ လုပ်ပေးထားတဲ့ ပင်စည်ထဲ စွဲနစ်အောင်ရိုက်ထားတဲ့ သစ်သားချောင်းလေးတွေကို နင်းပြီး ကျနော်တက်လာခဲ့တယ်။ မေမေပြောခဲ့သလို ညတုန်းက ရွာထားခဲ့တဲ့ မိုးရေကြောင့် နဲနဲတော့ ချောကျိကျိ ဖြစ်နေတာ အမှန်ပါပဲ။ 
ဒါပေမယ့် ကျနော် ကုတ်ကပ်ပြီး တွယ်တက်လိုက်တာ အောက်ခြေနဲ့ အနီးဆုံးဖြစ်တဲ့ ကိုင်းကို ရောက်သွားတယ်။ မျက်စိကို ရှင်ရှင်ထားပြီး ကြည့်လိုက်တယ်။ ကျနော် ရှိနေတဲ့ ကိုင်းရဲ့အဖျားနားမှာ ပိတောက်ခက် နှစ်ခက် .. ဒါပေမယ့် အဲဒီကို သွားဖို့ကမလွယ်ဘူး။ လက်နဲ့ထိမ်းကိုင်စရာ မရှိဘူး ...။

“ဟေး … ကိုမောင် … အပေါ်ဘက်မှာ .. အဲဒီမှာ အဆုပ်လိုက်ကြီး “
ပင်ရံအောက်ခြေကနေ ပြန့်လွင့်လာတဲ့ အသံချိုချိုလေးဟာ နံနက်ခင်းရဲ့ တေးသံအဖြစ် ပြောင်းလဲသွားတော့တယ်။ 
မေသင်္ကြန်ရယ် .. အိပ်ရာနိုးနိုးခြင်းထပြီး ဒီဘက်ကို ကူးလာတယ်နဲ့တူတယ်။ အပြုံးမျက်နှာလေးနဲ့ ကျနော့် ခြေထောက်နင်းထားတဲ့ ကိုင်းရဲ့အပေါ်ဘက်ကို လက်ညိုးထိုးပြပြီး အော်နေလေရဲ့ …

မေသင်္ကြန်ပြတဲ့ ကိုင်းကို ကျနော် လှမ်းကြည့်လိုက်တယ်။ ဟုတ်တယ် .. သူပြတဲ့နေရာမှာ ပွင့်နေကြတဲ့ ပိတောက်တွေက တဆုပ်တခဲကြီးရယ်။ ဒီနေရာမှာ အပင်ပေါ်တက်ပြီး ပန်းခူး၊ အသီးခူးဖူးသူတွေ ရှိရင် သိကြမှာပါ၊ တခါတလေကျတော့ အပင်ပေါ်တက်နေတဲ့သူက ကိုင်းတွေ၊ အရွက်တွေ ခံနေလို့ ကိုယ်ခူးချင်တာကို မမြင်ဘူးရယ်။ အောက်က လှမ်းကြည့်တဲ့သူကမှ ဘယ်နားဘာရှိတယ်ဆိုတာ မြင်တတ်ကြတာ ..

အခုလဲ မေသင်္ကြန်ပြတဲ့ နေရာက ဟုတ်နေတော့ ကျနော်လဲ အပေါ်ကို ဆက်တက်ပြီး ပိတောက်ပွင့်တွေ ရှိတဲ့ ကိုင်းကို ဓါးနဲ့ခုတ်ပြီး အောက်ကို ချပေးလိုက်တယ်။ ရွာထားခဲ့တဲ့ မိုးရေအရှိန်နှင့် ပင်စည်နဲ့ ပိတောက်ကိုင်းတွေက ချောနေတော့ တော်တော်တော့ သတိထားနေရတယ်ဗျ။ 
ဒါပေမယ့် အောက်တော့ ပြန်မဆင်းချင်သေးဘူးရယ်။ ပိတောက်ခက်တွေ တစ်ခုပြီးတစ်ခု ကျသွားတိုင်း ပီဘိကလေးလေးတစ်ယောက်လို လက်ခုပ်လက်ဝါးတီးပြီး ရွှင်မြူ းနေတဲ့ မေသင်္ကြန်ရဲ့မြင်ကွင်းက ကျနော့်ကို ကြည်နူးမှုအပြည့် ဖြစ်နေစေလို့လေ။ 

“သားငယ် … အောက်မှာ အများကြီး ဖြစ်နေပြီ .. ပြန်ဆင်းလာတော့ .. “
မေသင်္ကြန်နဲ့အတူ ရှိနေပြီ ဖြစ်တဲ့ မေမေရဲ့လှမ်းခေါ်တဲ့ အသံထွက်လာမှ ကျနော်လဲ အောက်ကိုဆင်းဖို့ ပြင်ရတော့တယ်။ အပင်ပေါက်ရောက်တာ တော်တော်လေး ကြာနေပြီ ဖြစ်သလို အပင်အောက်မှာလဲ ပိတောက်တွေက ဖွေးနေပြီ။ 
လက်ထဲကိုင်ထားတဲ့ ဓါးကို မြေနေရာလွတ်တစ်ခုပေါ် အရင်ပစ်ချ၊ ပြီးမှ ပင်စည်ကို သေချာကုပ်ကပ်ပြီး ပြန်ဆင်းလာခဲ့တယ်။ အပင်ပေါ်တက်ဖို့ ရိုက်ထားတယ်ဆိုတဲ့ သစ်သားချောင်းလေးတွေဆီ ပြန်ရောက်လာတဲ့ အထိ အေးဆေးပါပဲ။ ဒါပေမယ့် ..

“အားးးးး … “
နောက်ဆုံးခြေနင်းနှစ်ခုသာ ကျန်တော့တဲ့အချိန်မှာ ကျနော် ဆက်ပြီး နင်းမဆင်းတော့ပဲ၊ မြေလွတ်တစ်ခုပေါ် ခုန်ချလိုက်မိတယ်။ ညာဘက်ပေါင်ရင်းက ပူခနဲ ဖြစ်သွားပါရော။ နာကျင်တဲ့ ခံစားမှုကြောင့် လွှတ်ခနဲ အော်မိလိုက်ပြီး ငုံ့ကြည့်မိတော့ ဝတ်ထားတဲ့ ကာကီဘောင်းဘီအနားသားက ဆုတ်နေပီး သွေးတွေ စိမ့်ထွက်နေလေရဲ့။
 ပိတောက်ပင်နဲ့ ကပ်ရိုက်ထားတဲ့ သစ်သားချောင်းရဲ့ ရှနေတဲ့ စောင်းနဲ့ ထိုးပြီး ငြိသွားတာ။ များလှတယ် မဟုတ်ပေမယ့် မသေးတာ အမှန်ဆိုတာ သွေးတွေ အဆက်မပြတ်ထွက်နေတာနဲ့တင် သေချာတယ်။ 

အဲဒီနောက်တော့ မေမေတစ်ယောက် တော်တော်အလုပ်များသွားတယ်။ ကျနော်လဲ တဖျစ်တောက်တောက်နဲ့ အဆူအပြော ခံလိုက်ရတာပေါ့။ 
ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ပေါင်ခြံက နာနေတာရော၊ မေမေပြောနေတာရော၊ ယုတ်စွအဆုံး တင်ချာလောင်းထည့်လို့ အသည်းခိုက်အောင် စပ်သွားတာရော ရှိမနေပါဘူး။ 
ကျနော့်ကို စိုးရိမ်တကြီးနဲ့ စိုက်ကြည့်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေး ပိုင်ရှင်ရဲ့မျက်နှာလေးကသာ ကြီးစိုးထားခဲ့တယ်ဗျာ ..

“သင်္ကြန်ပြန်တော့မှာလား ...  “
အခြေအနေတွေ အားလုံး ငြိမ်သက်သွားပြီးသလို ကျနော့်ဒဏ်ရာလဲ ပတ်တီးစီးပြီးသွားတဲ့နောက် မေသင်္ကြန်က သူမအိမ်ဘက် ကူးဖို့ပြင်တော့တယ်။ လက်ထဲမှာတော့ ကျနော် ခူးပေးလိုက်တဲ့ ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့။ 

ပန်းတွေနဲ့ဆိုတော့ သူမလာတုန်းကလို မလွယ်ပေါက်ကနေ ကူးလာလို့က မဖြစ်တော့ ကျနော် သူ့ကို အိမ်ရှေ့ခြံဝအထိ လိုက်ပို့လိုက်တယ်။ ခြံတံခါးကို တွန်းဖွင့်ပြီး သူမ ထွက်လို့ရအောင် နေရာပေးလိုက်တုန်းမှာပဲ ကျနော့်ခေါင်းထဲမှာ မေ့နေတဲ့အကြောင်းအရာတစ်ခုကို သွားပြန်သတိရတယ်ဗျာ .. တခြားမဟုတ်ဘူး .. ဒီနေ့က သင်္ကြန်အကြိုနေ့လေ .. ကျနော် မေသင်္ကြန်ကို ရေမလောင်းရေသေးဘူး ..

“သင်္ကြန် ခနနေဦး !! “
ဒရောသောပါးနဲ့ ပြောပြီး အိမ်ရှေ့မှာ ချထားတဲ့ ရေတိုင်ကီရှိရာကို ပြေးသွားတဲ့ ကျနော့်ကို မေသင်္ကြန်က အပြုံးတစ်ဝက် အရယ်တစ်ဝက် မျက်နှာနဲ့ ကြည့်နေရှာတယ်။ ပလတ်စတစ် ရေခွက်လေးထဲမှာ ရေအပြည့်ထည့်ပြီး ကျနော် သူ့အနားကို ပြန်ရောက်လာတော့ “ကိုမောင်ကလဲ .. ရေလောင်းချင်တာများ ပြေးသွားရတယ်လို့ .. ခလုတ်တိုက်ပြီး ထပ်လဲနေဦးမယ်” ဆိုပြီး ပြောပါရော။ 

ကျနော် မေသင်္ကြန်ရဲ့စကားကို တုံ့ပြန်ပြီး ပြောမနေသေးဘူး။ သူ့မျက်ဝန်းနက်နက်လေးတွေကို သေချာကြည့်လိုက်တယ်။ ပြီးမှ

“သင်္ကြန် ... မနေ့ကတုန်းက ပိတောက်ပန်းတွေပွင့်အောင် လုပ်ပေးမယ်ဆိုပြီး ကိုမောင်ကတိပေးခဲ့တာ မှတ်မိတယ် မှတ်လား .. “
“မေးနေရသေးလား ကိုမောင်ရယ် မှတ်မိတယ်ပေါ့.. အဲဒီအတွက် ကိုမောင့်ကို ကျေးဇူးအများကြီးတင်ပါတယ် .. တကယ်ပါ .. ဒီနှစ်လောက်ပျော်တဲ့ မွေးနေ့ သင်္ကြန့်ဘဝမှာ မရှိသေးပါဘူး .. “
“ကိုမောင် သင်္ကြန်ကို ကတိပေးခဲ့တာကို ဖြစ်အောင်လုပ်ပေးခဲ့တယ် .. ဒီတော့ ကိုမောင့်ကိုလဲ သင်္ကြန်ပြန်ကတိပေး .. ဘယ်လိုလဲ ... “

ကျနော့်ရဲ့ထူးခြားတဲ့ စကားကြောင့် ပြုံးနေတဲ့ မေသင်္ကြန်မျက်နှာလေး တည်တည်လေး ဖြစ်သွားရှာတယ်။ ပိတောက်ဝါတွေ ဝိုင်းရံထားတဲ့ ကော်ပတ်ရုပ်လေး သူမကို ကျနော် ရင်ထဲကလာတဲ့ စကားတွေ ပြောချလိုက်မိတော့တယ် .. 

“အခု .. သင်္ကြန်မွေးနေ့မှာ ကိုမောင် ရေလောင်းလိုက်မယ် .. ဒါ .. ဒီနှစ်သင်္ကြန်အတွက် ပထမဆုံး ရေစိုတာပဲဟုတ် .. ကိုမောင် တောင်းဆိုချင်တဲ့ ကတိကလဲ ဒီသင်္ကြန်ရေနဲ့ ဆိုင်တယ် .. နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရောက်ပြီဆိုရင် သင်္ကြန်ကို ရေအရင်ဆုံးလောင်းတဲ့သူဟာ ကိုမောင်ပဲ ဖြစ်ရမယ် .. အဲဒီကတိ .. ဘယ်လိုလဲ သင်္ကြန်ပေးနိုင်လား .. “
“ဒါများ ကိုမောင်ရယ် .. ပေးနိုင်တာပေါ့ … သင်္ကြန့်ကို ရေအရင်ဆုံး လောင်းရမယ့်သူဟာ ကိုမောင်ပဲ ဖြစ်ရမယ် .. ကျေနပ်ပြီလား .. ကဲ .. လောင်းတော့ .. “

လက်ထဲကိုင်ထားတဲ့ ရေခွက်ထဲက ကြည်လင်နေတဲ့ ရေတွေဟာ ဆံပင်တွေကို ဘေးတစ်ဖက်ကို သပ်ပြီး ဖယ်ထားပေးတဲ့ မေသင်္ကြန်ရဲ့ပခုံးသား ဖြူဖြူဝင်းဝင်းလေးပေါ် ဖြေညင်းစွာ စီးကျသွားလေရဲ့။ 

သူမကို တစိမ့်စိမ့် စိုက်ကြည့်ပြီး ရေလောင်းနေတဲ့ ကျနော့်ကို မျက်လုံးဝင့်ပြီး ပြန်ကြည့်နေတဲ့ မေသင်္ကြန်ရဲ့မျက်နှာလေးကို ကျနော် ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ တတ်နိုင်မယ်ဆိုရင် အချိန်ကာလကို ဒီနေရာလေးမှာပဲ ရပ်တန့်ထားချင်ပါရဲ့ .. 
ဒါ ကျနော် ရူးတာမဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ် ချာတိတ်လေးတစ်ယောက်ရဲ့ အတွေးပဲ ဆိုကြပါတော့ဗျာ ….

**********************
တကယ်တော့ဗျာ .. ခင်ဗျားတို့ ကျနော်တို့ဆိုတာ ဘဝဆိုတဲ့ ရထားရဲ့သယ်ဆောင်ရာနောက်ကို စီးနှင်းလိုက်ပါလာကြရတဲ့သူတွေ မဟုတ်လားဗျာ။ 
တခါတလေကျတော့လဲ ဘဝရထားဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မောင်းနှင်ပြီးသွားတာ မဟုတ်ဘူးဗျ။ ဟိုဝင်ဒီထွက်နဲ့ ဖြစ်တတ်သလို၊ လမ်းကြောင်းပြောင်း သွားတာလဲ ရှိနိုင်တာပဲလေ ..

အဲဒီလိုမျိုး ဖြစ်တတ်တဲ့ ဓလေ့ဟာ ကိုကိုမောင်နဲ့ မေသင်္ကြန်တို့ဆီ ပျော်ရွှင်ဖွယ် အတာသင်္ကြန်ပြီးလို့ နောက်၇လ ကြတဲ့အခါမှာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာခဲ့တော့တယ် …။

မေသင်္ကြန်ရဲ့အဖေဟာ ရာထူးတိုးပြီး တခြားမြို့တစ်မြို့ကို ပြောင်းရမယ်တဲ့။ သူ့အမေနဲ့ အဖေက တစ်ဌာနထဲဆိုတော့ မေသင်္ကြန်အမေလဲ လိုက်သွားလို့ ရတယ်ပေါ့။ ရှည်ရှည်ဝေးဝေးတော့ အဲဒီကိစ္စတွေ ကျနော် သိပ်ရှင်းပြမနေတော့ပါဘူး။ အရမ်းကြီး ဒီတေးလ်ကျတဲ့ အကြောင်းတွေ ဖြစ်သွားရင် ကိုယ်တွေ့လိုလို ဘာလိုလို ထင်ကုန်မှာ စိုးလို့ပါ  ;) ;)။ 

အတိုချုံးပြီး ပြောရမယ်ဆို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တိုးပြီး တွယ်နှောင်ခါစ ဆယ်ကျော်သက်အရွယ် ကောင်လေးနဲ့ ကောင်မလေး ခွဲခွာဖို့ရာ အကြောင်းတရားတစ်ခု ဖန်လာတယ်ပဲ ဆိုကြပါတော့။ သူတို့နှစ်ယောက်အတွက် လွမ်းမောဖွယ်ရာဆိုတာ အချိန်နဲ့အမျှကို တိုးပြီး စောင့်ကြို နေတော့တာပဲ …။

မေသင်္ကြန်တို့ နယ်ကို ပြောင်းရွှေ့မသွားရခင် ညကဆို ကိုကိုမောင်တို့ နှစ်ယောက်ဟာ ပိတောက်ပင်ကြီးရဲ့ ခြေရင်းမှာ ထိုင်ပြီး စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။ 
ညကြီးမိုးချုပ် ဖြစ်လို့ မေသင်္ကြန် အမေ့ကိုယ်တိုင် အိမ်လိုက်ခေါ်ရတဲ့ အထိပေါ့။ မတတ်သာတဲ့အဆုံး လက်ချင်းတွဲထားရာကနေ တစ်ယောက်နဲ့ တစ်ယောက် လက်ပြနှုတ်ဆက်လိုက်ကြရတဲ့အခါ သူတို့နှစ်ယောက်စလုံးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်စတွေ အပြည့်နဲ့ ဖြစ်တည်ခဲ့လေပြီ …

*****************************
အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့နှစ်ဦးဇာတ်လမ်းမှာ တစ်ချို့နေရာက အကောင်းအတိုင်း ရှိနေဆဲပါပဲ .. ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက် အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ် .. အဓိပ္ပါယ်မရှိတာ သိပေမယ့် တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ အမှတ်တမဲ့ မင်းကိုလွမ်းပါတယ် ..
 အပေါ်ယံ ရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာ ငါမေ့မရဘူးကွယ် .. တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ် .. နှစ်တွေ လတွေက အတော်ကြာပြီပဲ ….

Spoiler

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပြတဲ့အတိုင်းသာ ဆိုရင်တော့ ကောင်းကင်ပြာပြာနောက်ခံမှာ တိမ်တွေ အလျှင်အမြန် ပြေးသွားမယ်၊ မြေကြီးပေါ်က အပင်ငယ်လေးတွေ တရှိန်ထိုး ကြီးထွားပြီး ကိုင်းတွေဖြာ ပန်းတွေပွင့်မယ်ပေါ့ … အချိန်ကာလဆိုတဲ့ မျက်လှည့်ဆရာရဲ့ လက်ထဲမှာ လောကကြီးက ဒီလိုမျိုးပြောင်းလဲ သွားကြတာပဲလေ .. အဲဒီလိုနဲ့ ဆယ်စုနှစ်တစ်စုလောက် ရှိသွားပြီးတဲ့ နောက်မှာ …
(စ/ဆုံး) စာအုပ်ယူရန်

No comments:

Post a Comment

မာတိကာ

Text Font Generator_1.2.0

Text Font Generator_1.2.0 Facebook မှာစာလုံးဆန်းဆန်းလေးတွေ ရေးချင်သူတွေအတွက် နောက်ဆုံးထွက် ဗားရှင်းအသစ် APK ယူရန်

နာမည်ကြီးပို့များ